Saturday 15 August 2009

ပါးပြင်ပေါ်က သနပ်ခါး


သူ.အနံ.ကသင်းသင်းလေးနဲ. လူ.စိတ်ကို ရွှင်လန်းအေးချမ်းစေပါတယ်..ဟိုးပိစိကွေး အူဝဲဘဝထဲက မေမေလိမ်းပေးခဲ့၊ ခွံ.ကျွေးခဲ့တယ်..အဲ့ဒီကတည်းက ကြိုက်လာလိုက်တာ ကျောင်းစတက်တဲ့အရွယ်ရောက်တော့လည်း သနပ်ခါးအဖွေးသားလိမ်းပြီး ရှိုးထုတ်ခဲ့တာပေါ့.. ပါးကွက်ကို လေးထောင့်လေးကွက်လိုက်၊ သစ်ရွက်ပုံလေးကွက်လိုက်၊ ဝလုံးဝိုင်းဝိုင်းလေးသုံးဝိုင်းကွက်လိုက်နဲ. အမျိုးမျိုးပါးပြင်မှာ မွှေးနေစေခဲ့တယ်..ကြီးလာတော့လည်း အောက်ခံမိတ်ကပ်ပေါ်ကနေ သနပ်ခါးပါးပါးလူးပြီး လူတကာရင်ကို အေးစေခဲ့တယ်...
ဘယ်နေရာဘယ်အချိန်ပဲရောက်နေနေ သနပ်ခါး ခြေဆုံးခေါင်းဆုံးလိမ်းပြီး အိပ်ရာပေါ်မှာ စာအုပ်ဖတ်နေရတာလောက် ဇိမ်ရှိတယ်လို.ကို မထင်ဘူး .. (အခုတော့ စာအုပ်မဟုတ်တော့ဘူး laptop လေး အစားဝင်လာတယ်)..
ကျမ မေမေက သနပ်ခါး အရမ်းကြိုက်ပါတယ်.. အမြဲတမ်းမျက်နှာပေါ်မှာ သနပ်ခါးမပြတ်စေရဘူး... ပေါင်ဒါကိုတောင် သနပ်ခါးမှုန်.ကိုပဲသုံးတယ်.. သနပ်ခါး ဖုံဖုံလူးပြီး ပြုံးနေတဲ့ မေမေ့ပါးပြင်ကို နမ်းလိုက်ရတဲ့ ခံစားချက်ကို ဘယ်တော့မှမမေ့ပါဘူး.. ကျောင်းကနေပြန်လာလို. သနပ်ခါးနံ.သင်းနေတဲ့ မေမေ့ရင်ခွင်ကို ပြေးဝင်တိုးဝှေ.လိုက်ရတာဟာ ဘယ်အရာနဲ.မှ နှိုင်းယှဉ်လို.မရနိုင်တဲ့ ကြည်နူးမှုပေါ့ ..မေမေ့သမီး ကျမကလည်း သနပ်ခါးကို သိပ်ကြိုက်ပါတယ်.. ကျမက အသားညိုတော့ သနပ်ခါးလိမ်းလိုက်လို. ဝါညက်ညက်ဖြစ်သွားတဲ့ အသားရောင်ကို နှစ်သက်မိတယ် (အမှန်တော့ အသားညိုတာကို သနပ်ခါးလူးပြီး ဖုံးတာပါ) :P ... မေမေက ပြောတယ် သနပ်ခါးက အသားကို ဝင်းပြီးညက်နေစေတယ်တဲ့.. မေမေ ပြောတာဟုတ်သလိုပါဘဲ...ကျမ မြန်မာပြည်မှနေတုန်းက သနပ်ခါးအမြဲလိမ်းလို.လားမသိဘူး ကျမအသားက ညိုပေမယ့် ဝင်းပြီးညက်နေပါတယ်.. ဒီကိုရောက်လာတော့ lotion တွေနဲ.ပဲ နှစ်ပါးသွားရလို.လားမသိဘူး..အသားက စိုနေပေမယ်. ကြမ်းလာပါတယ်. ဝင်းဝင်းလေးလည်းဖြစ်မနေပါဘူး.. ကိုယ်က မြန်မာဆိုတော့လည်း ကိုယ့်သနပ်ခါးကိုပဲ အကောင်းထင်နေတာလည်း ဖြစ်နိုင်ပါတယ်... အခုလောလောဆယ်တော့ နီးစပ်ရာ lotion လေးကိုပဲအားကိုးနေရတယ်..
ကျမက သနပ်ခါးစစ်စစ်ကို ကျောက်ပျဉ်အပြည်.သွေးပြီး လိမ်းရတဲ့ အရသာကိုပဲ ကြိုက်တာပါ.. ဒါကြောင့် ရယ်ဒီမိတ်ဘူးတွေကို မလိမ်းချင်ပါဘူး.. မြန်မာပြည်က မှာရအောင်ကြတော့လည်း သနပ်ခါးတုံးအလေးချိန်က စီးတာတကြောင်း၊ ပို.ခကဈေးကြီးတာ တကြောင်းကြောင့် မမှာဖြစ်ပြန်ဘူး...လာတုန်းက သယ်လာတဲ့ အတုံးသေးသေးလေးတွေကလည်း သွေးလွန်းလို. မရှိကုန်တော့ပါဘူး.. ပြန်သွားမှ အားရပါးရလည်းလူးမယ်.. သယ်လည်းသယ်လာမယ်လို. စိတ်ထဲမှာ ကြုံးဝါးထားတယ်..
ကျမ်းမာရေးကောင်းတယ်၊ အသားလှတယ်၊ ဆေးဖက်ဝင်တယ်လို. လူတိုင်းသိကြတဲ့ သနပ်ခါးမှာ အဖိုအမဆိုတာ ရှိပါတယ်. အဖိုပင်က အပွေးပါပြီး အသားပွတယ်ပေါ့.. အမပင်က အပွေးထူတယ် အသားကျစ်ပြီး အရောင်ပိုလှပါတယ်... အရောင်မှာလည်း အဖြူ၊ အဝါနှစ်၊ ရှားရောင် ဆိုပြီးခွဲထားပါတယ် .. ရှားရောင်ကတော့ လူကြိုက်အများဆုံးအရောင်တဲ့.. နောက်ပြီး ပေါက်ရောက်တဲ့ ဒေသကို မူတည်ပြီး နာမည်ကြီးတဲ့ သနပ်ခါးတွေလည်း ရှိသေးတယ် .. ရှင်မတောင်သနပ်ခါး၊ ရွှေဘိုသနပ်ခါး စသည်ဖြင့်ပေါ့လေ.....
ကျမဖေဖေ မုံရွာခရိုင် အရာတော်မြိုမှာ တာဝန်ကျတုန်းကဆို ကျမတို.သားအမိတွေ သနပ်ခါးတောထဲ နေရသလားအောက်မေ့ရတယ် .. အရှေ. အနောက် တောင် မြောက် သနပ်ခါးပင်တွေချည်းပဲ .. သူ.အရွက်ပုံစံက ရှောက်ရွက်နဲ. နည်းနည်းဆင်တယ် .. ချေကြည့်လိုက်ရင် အနံ. ခပ်သင်းသင်းလေး... အစတုန်းက သနပ်ခါးပန်းကို သနပ်ခါးပင်က လာတယ်လို.ထင်ထားတာ ..တကယ်တော့ သပ်သပ်စီပါ.. သနပ်ခါးပန်းပင်က အပင်ပုမျိုး ပန်းရုံလိုမျိုးပုံစံပါ... သနပ်ခါးပင်ကတော့ အမြင့်ကို ထောင်တက်သွားတဲ့ ပုံစံမျိုးပါ....မတူပါဘူး...ကျမကတော့ သနပ်ခါးနံ.ရလို. အဲဒီပန်းလေးကို သနပ်ခါးပန်းလို.ပဲ နာမည်ပေးလိုက်တယ်ထင်ပါတယ် ... ဒါကတော့ ကျမလေ့လာထားသလောက် ဗဟုသုတ ပြန်ဝေမျှတာပါ...
သနပ်ခါးနဲ.ပတ်သတ်ပြီး သီချင်းတွေလည်းစပ်ကြပါတယ် .. ဟိုးအရင်ခေတ်တွေကတော. "ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို.ယူ ဘယ်လိုအသားမည်းမည်း ဝါဝါညက်ညက်ဖြူ " ပေါ့ ( ကျမကိုများ တိုက်၇ိုက်ဆိုထားသလားမှတ်တယ် :D ) ..... အခုခေတ်ကျပြန်တော့ "ပါးပြင်မှာ သနပ်ခါးလေးနဲ. ချစ်စရာကောင်းလိုက်တာကွာ သူများတွေထက် မထင်ရှားပဲလည်း ကိုယ့်အတွက်လမင်းပါ " တဲ့...ကဲ ချစ်တဲ့ အကို အမ မောင်လေး ညီမလေးများကေ၇ာ ပါးပြင်က သနပ်ခါး ဘယ်သူ.အတွက်လည်းကွယ်.....
ဒီရက်ပိုင်း ရာသီဥတုက ပူတာနဲ့ သနပ်ခါးလိမ်းချင်စိတ်ပေါက်လာလို. ဒီပိုစ်.လေးကိုရေးဖြစ်သွားပါတယ်.သနပ်ခါးလွမ်ချင်းဆိုပါတော့......ပုံလေးကို တော့ဂူးဂဲလ်အင်းမေ့ခ်ျထဲက ရှာထားပါတယ်....
stella

5 comments:

ကိုရင်နော်ခင်လေးငယ် said...

လာလာ..
သနပ်ခါးနံ့လေးကို မွှေးနေတာပဲ..း)

ဖတ်ရတာ စိတ်ဝင်စားစရာလေး...
နောက် ကြည့်နူးစရာ..

စာတွေ အများကြီးရေးနော်.. ရေးပြီးရင် ဘလော့ကို လာခဲ့ သနပ်ခါးနံ့လေးရရင် လာလာ လာသွားတယ်ဆိုတာ သိပြီ..

စကားမစပ် ဓါတ်ပုံတွေ အားလုံး ကြည့်ပြီးပြီနော်..း)

ခင်မင်တတ်တဲ့..

Sein Lyan Tun said...

အကိုက တော့ သနပ်ခါး ပါးကွက် ကြားနဲ့ နှုတ်ခမ်းပါးပါး ကောင်မလေးမြင်ရင် ပြေးနမ်းချင်တာပဲသိတယ်...

အသည်းယားလွန်းလို့... အဟိ

ကျောင်းတုန်းကလည်း ချစ်သူလေးကို ပါးကွက် ကွက်ခိုင်းတာ မကွက်ချင်ကွက်ချင်နဲ့ ကျောင်းကိုလာရတယ်...

မကွက်ချင်တာက ရှက်လို့ မဟုတ်ဘူးတဲ့....

တချိန်လုံး အနမ်းခံရလို့တဲ့ဗျ...


အဟိ...

ခုတောင် သတိရသွားပြီး...

သနပ်ခါးနံ့လေးကို စိတ်ကူးနဲ့ရပြီး

“ရွှတ်”................


ညီမလေးကို ဟုတ်ဖူးနော်...



း)))))


ချစ်တဲ့

ကိုကြီး

emayarKhin said...

ဖတ်ရင်း...တကယ်လွမ်းနေပြီ.....
သနပ်ခါးကို......

မနောသား said...

ဟုတ်တယ် နယ်သူရေ .. တို့ နယ်ဘက်မှာတော့ ခေတ်မမှီဘူးပဲ ပြောပြော ..သနပ်ခါးစစ်စစ်ကိုပဲ သွေးလိမ်းကြတယ်...ငယ်ငယ်တုန်းကဆို တို့ပါ ပါးကွက်ကြားကြီးတွေ ကွက်ပြီး လိမ်းခဲ့ကြသေးတယ် ... :P

ခင်မင်စွာဖြင့်

မနောသား

moekhar said...

း))
သနပ်ခါးကို စွဲစွဲမြဲမြဲမလိမ်းဘူးပေမယ့် အသားပေါ်တင်လိုက်လို့ အေးသွားတဲ့ အရသာကို ကြိုက်တယ်
လိမ်းပြီး တင်းနေတာကျ မကြိုက်ပြန်ဘူး :P
စိတ်ကူးပေါက်မှ လိမ်းဖြစ်ပါတယ်
း))