Thursday 20 August 2009

Performance Art



လန်ဒန်မှာ တွေ.ခဲ့ရတဲ့ အနုပညာတခုပါ... ထူးဆန်းနေတာနဲ. ကျမလည်း အပြေးအလွှား ဓါတ်ပုံရိုက်ထားမိပါတယ်... တက္ကသိုလ် တစ်ခုက ကျောင်းသားတစ်ယောက် ပုံဖော်တာလို့ထင်ပါတယ်.. မျှဝေလိုက်ပါတယ်..

Saturday 15 August 2009

ပါးပြင်ပေါ်က သနပ်ခါး


သူ.အနံ.ကသင်းသင်းလေးနဲ. လူ.စိတ်ကို ရွှင်လန်းအေးချမ်းစေပါတယ်..ဟိုးပိစိကွေး အူဝဲဘဝထဲက မေမေလိမ်းပေးခဲ့၊ ခွံ.ကျွေးခဲ့တယ်..အဲ့ဒီကတည်းက ကြိုက်လာလိုက်တာ ကျောင်းစတက်တဲ့အရွယ်ရောက်တော့လည်း သနပ်ခါးအဖွေးသားလိမ်းပြီး ရှိုးထုတ်ခဲ့တာပေါ့.. ပါးကွက်ကို လေးထောင့်လေးကွက်လိုက်၊ သစ်ရွက်ပုံလေးကွက်လိုက်၊ ဝလုံးဝိုင်းဝိုင်းလေးသုံးဝိုင်းကွက်လိုက်နဲ. အမျိုးမျိုးပါးပြင်မှာ မွှေးနေစေခဲ့တယ်..ကြီးလာတော့လည်း အောက်ခံမိတ်ကပ်ပေါ်ကနေ သနပ်ခါးပါးပါးလူးပြီး လူတကာရင်ကို အေးစေခဲ့တယ်...
ဘယ်နေရာဘယ်အချိန်ပဲရောက်နေနေ သနပ်ခါး ခြေဆုံးခေါင်းဆုံးလိမ်းပြီး အိပ်ရာပေါ်မှာ စာအုပ်ဖတ်နေရတာလောက် ဇိမ်ရှိတယ်လို.ကို မထင်ဘူး .. (အခုတော့ စာအုပ်မဟုတ်တော့ဘူး laptop လေး အစားဝင်လာတယ်)..
ကျမ မေမေက သနပ်ခါး အရမ်းကြိုက်ပါတယ်.. အမြဲတမ်းမျက်နှာပေါ်မှာ သနပ်ခါးမပြတ်စေရဘူး... ပေါင်ဒါကိုတောင် သနပ်ခါးမှုန်.ကိုပဲသုံးတယ်.. သနပ်ခါး ဖုံဖုံလူးပြီး ပြုံးနေတဲ့ မေမေ့ပါးပြင်ကို နမ်းလိုက်ရတဲ့ ခံစားချက်ကို ဘယ်တော့မှမမေ့ပါဘူး.. ကျောင်းကနေပြန်လာလို. သနပ်ခါးနံ.သင်းနေတဲ့ မေမေ့ရင်ခွင်ကို ပြေးဝင်တိုးဝှေ.လိုက်ရတာဟာ ဘယ်အရာနဲ.မှ နှိုင်းယှဉ်လို.မရနိုင်တဲ့ ကြည်နူးမှုပေါ့ ..မေမေ့သမီး ကျမကလည်း သနပ်ခါးကို သိပ်ကြိုက်ပါတယ်.. ကျမက အသားညိုတော့ သနပ်ခါးလိမ်းလိုက်လို. ဝါညက်ညက်ဖြစ်သွားတဲ့ အသားရောင်ကို နှစ်သက်မိတယ် (အမှန်တော့ အသားညိုတာကို သနပ်ခါးလူးပြီး ဖုံးတာပါ) :P ... မေမေက ပြောတယ် သနပ်ခါးက အသားကို ဝင်းပြီးညက်နေစေတယ်တဲ့.. မေမေ ပြောတာဟုတ်သလိုပါဘဲ...ကျမ မြန်မာပြည်မှနေတုန်းက သနပ်ခါးအမြဲလိမ်းလို.လားမသိဘူး ကျမအသားက ညိုပေမယ့် ဝင်းပြီးညက်နေပါတယ်.. ဒီကိုရောက်လာတော့ lotion တွေနဲ.ပဲ နှစ်ပါးသွားရလို.လားမသိဘူး..အသားက စိုနေပေမယ်. ကြမ်းလာပါတယ်. ဝင်းဝင်းလေးလည်းဖြစ်မနေပါဘူး.. ကိုယ်က မြန်မာဆိုတော့လည်း ကိုယ့်သနပ်ခါးကိုပဲ အကောင်းထင်နေတာလည်း ဖြစ်နိုင်ပါတယ်... အခုလောလောဆယ်တော့ နီးစပ်ရာ lotion လေးကိုပဲအားကိုးနေရတယ်..
ကျမက သနပ်ခါးစစ်စစ်ကို ကျောက်ပျဉ်အပြည်.သွေးပြီး လိမ်းရတဲ့ အရသာကိုပဲ ကြိုက်တာပါ.. ဒါကြောင့် ရယ်ဒီမိတ်ဘူးတွေကို မလိမ်းချင်ပါဘူး.. မြန်မာပြည်က မှာရအောင်ကြတော့လည်း သနပ်ခါးတုံးအလေးချိန်က စီးတာတကြောင်း၊ ပို.ခကဈေးကြီးတာ တကြောင်းကြောင့် မမှာဖြစ်ပြန်ဘူး...လာတုန်းက သယ်လာတဲ့ အတုံးသေးသေးလေးတွေကလည်း သွေးလွန်းလို. မရှိကုန်တော့ပါဘူး.. ပြန်သွားမှ အားရပါးရလည်းလူးမယ်.. သယ်လည်းသယ်လာမယ်လို. စိတ်ထဲမှာ ကြုံးဝါးထားတယ်..
ကျမ်းမာရေးကောင်းတယ်၊ အသားလှတယ်၊ ဆေးဖက်ဝင်တယ်လို. လူတိုင်းသိကြတဲ့ သနပ်ခါးမှာ အဖိုအမဆိုတာ ရှိပါတယ်. အဖိုပင်က အပွေးပါပြီး အသားပွတယ်ပေါ့.. အမပင်က အပွေးထူတယ် အသားကျစ်ပြီး အရောင်ပိုလှပါတယ်... အရောင်မှာလည်း အဖြူ၊ အဝါနှစ်၊ ရှားရောင် ဆိုပြီးခွဲထားပါတယ် .. ရှားရောင်ကတော့ လူကြိုက်အများဆုံးအရောင်တဲ့.. နောက်ပြီး ပေါက်ရောက်တဲ့ ဒေသကို မူတည်ပြီး နာမည်ကြီးတဲ့ သနပ်ခါးတွေလည်း ရှိသေးတယ် .. ရှင်မတောင်သနပ်ခါး၊ ရွှေဘိုသနပ်ခါး စသည်ဖြင့်ပေါ့လေ.....
ကျမဖေဖေ မုံရွာခရိုင် အရာတော်မြိုမှာ တာဝန်ကျတုန်းကဆို ကျမတို.သားအမိတွေ သနပ်ခါးတောထဲ နေရသလားအောက်မေ့ရတယ် .. အရှေ. အနောက် တောင် မြောက် သနပ်ခါးပင်တွေချည်းပဲ .. သူ.အရွက်ပုံစံက ရှောက်ရွက်နဲ. နည်းနည်းဆင်တယ် .. ချေကြည့်လိုက်ရင် အနံ. ခပ်သင်းသင်းလေး... အစတုန်းက သနပ်ခါးပန်းကို သနပ်ခါးပင်က လာတယ်လို.ထင်ထားတာ ..တကယ်တော့ သပ်သပ်စီပါ.. သနပ်ခါးပန်းပင်က အပင်ပုမျိုး ပန်းရုံလိုမျိုးပုံစံပါ... သနပ်ခါးပင်ကတော့ အမြင့်ကို ထောင်တက်သွားတဲ့ ပုံစံမျိုးပါ....မတူပါဘူး...ကျမကတော့ သနပ်ခါးနံ.ရလို. အဲဒီပန်းလေးကို သနပ်ခါးပန်းလို.ပဲ နာမည်ပေးလိုက်တယ်ထင်ပါတယ် ... ဒါကတော့ ကျမလေ့လာထားသလောက် ဗဟုသုတ ပြန်ဝေမျှတာပါ...
သနပ်ခါးနဲ.ပတ်သတ်ပြီး သီချင်းတွေလည်းစပ်ကြပါတယ် .. ဟိုးအရင်ခေတ်တွေကတော. "ရွှေဘိုသနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို.ယူ ဘယ်လိုအသားမည်းမည်း ဝါဝါညက်ညက်ဖြူ " ပေါ့ ( ကျမကိုများ တိုက်၇ိုက်ဆိုထားသလားမှတ်တယ် :D ) ..... အခုခေတ်ကျပြန်တော့ "ပါးပြင်မှာ သနပ်ခါးလေးနဲ. ချစ်စရာကောင်းလိုက်တာကွာ သူများတွေထက် မထင်ရှားပဲလည်း ကိုယ့်အတွက်လမင်းပါ " တဲ့...ကဲ ချစ်တဲ့ အကို အမ မောင်လေး ညီမလေးများကေ၇ာ ပါးပြင်က သနပ်ခါး ဘယ်သူ.အတွက်လည်းကွယ်.....
ဒီရက်ပိုင်း ရာသီဥတုက ပူတာနဲ့ သနပ်ခါးလိမ်းချင်စိတ်ပေါက်လာလို. ဒီပိုစ်.လေးကိုရေးဖြစ်သွားပါတယ်.သနပ်ခါးလွမ်ချင်းဆိုပါတော့......ပုံလေးကို တော့ဂူးဂဲလ်အင်းမေ့ခ်ျထဲက ရှာထားပါတယ်....
stella

Tuesday 11 August 2009

Welcome to UK !

ကျမ ပထမဦးဆုံးခြေချခဲ့တဲ့ နိုင်ငံခြားတိုင်းပြည်က အခုလက်ရှိနေနေတဲ့ အင်္ဂလန်ပါ.. ပထမဆုံးရောက်တယ်ဆိုသလိုဘဲ ရှောရှောရှူရှူမရှိဘဲ အကုန်လုးံကမောက်ကမတွေချည်းပါဘဲ...
ရန်ကုန်လေဆိပ်ကို ကျမရဲ့ ကျေးဇူးရှင် ဦးလေး (မေမေ့မောင်) နဲ့ အဒေါ်ကလိုက်ပို့ပါတယ်.. ဖေဖေကတော့ လိုက်ပို့မယ်ပြောပြီးမှ နေမကောင်းဖြစ်တာနဲ့ မလာနိုင်ခဲ့ပါဘူး..နောက်ထပ်လိုက်ပို့တဲ့ အကိုတစ်ယောက်ရှိပါသေးတယ်.. သူ့အကြောင်းကိုတော့ နောက်များမှ ပို့စ်တစ်ခုရေးပြီးမှပြောပြပါမယ်.
ရန်ကုန်လေဆိပ်ရောက်တော့ check in ဝင်ချိန်မှာပဲ ဇာတ်လမ်းစပါတော့တယ်. ကျမ သယ်သွားဖို.ယူလာတဲ့ ပစ္စည်းတွေက သတ်မှတ်ထားတာထက် ကီလိုတွေပိုနေပါတယ် .. ပိုတာမှ ၈ကီလိုတောင်ပိုတာပါ.. ဒါနဲ.ထုံစံအတိုင်းပေါ့ Quata Airway က laggage tag လုပ်တဲ့ အကိုကြီးကို နည်းနည်းပါးပါးအသနားခံတော့ ကျောပိုးအိတ်ကို free ပေးမယ်တဲ့ ကျန်တာတော့မရဘူးဆိုပဲ ..ထပ်ညှိတော့ လက်ခံဆဲဆဲမှာပဲ ကျမကို လိုက်ပို.တဲ့အကိုက မှန်ကာထားတဲ့ဆီကနေ လက်ဟန်ခြေဟန်နဲ.သူလာခဲ့မယ်တဲ့ .. ခဏစောင့်ဆိုတော့ ကျမလည်း စောင့်နေလိုက်ပါတယ်... အဲ့ဒီခါကျမှ ပိုဆိုးတော့တာပဲ.. ကိုယ့်ဟာကို ညှိတုန်းက လျှော့နေတဲ့ကြိုးတွေ တင်းသွားပါတယ်.. ရှေ့နေငှားမှ ထောင်လုံးလုံးကျတာပါ.. လုံးဝ မရဘူးဆိုဘဲ .. ပိုတဲ့ ၁ကီလိုတိုင်းအတွက် $67 ပေးရမယ်တဲ့.. ထိုင်တောင်ငိုချင်သွားတယ်.. မထူးတော့ဘူးဆိုပြီး Hand Carry ထဲက စာအုပ်တွေ အကျီအနွေးထည်တွေထုတ် အစားအစာတချို.ထုတ် မန္တလေးက လူကြုံပါးလိုက်တဲ့ အထုပ်ကြီးပါထုတ်လိုက်တော့မှ အိုကေသွားတယ်.. အဲ့ဒီ လူကြုံအထုပ်ကတင် ၂ပိသာလောက်လေးပါတယ်.. စေတနာဗလပွနဲ့ ယူသွားပေးပါ့မယ်လို. ကတိပေးခဲ့တဲ့ ကိုယ်ကိုကိုယ်လည်း တော်တော်ဒေါသထွက်ပါတယ်... သြော် ငါ့နှယ် ကိုယ်မပိုင်တဲ့အခြေအနေကို ကြိုမတွက်မိလေးခြင်းပေါ့..
ဒီလိုနဲ့ လောလောပစ္စည်းတွေထုတ် ထည့်လို့ရသမျှကျောပိုးအိတ်ထဲ ထိုးထည့် ဝရုန်းသုန်းကားနဲ့လေယာဉ်ပေါ်တက်ရပါတယ်.. လေယာဉ်ပေါ်ရောက်မှပဲ ညာဖက်လက်မက ဘယ်ကဘယ်လိုကွဲလာမှန်းမသိဘူး..သွေးတွေတစိမ့်စိမ့်ထွက်နေလေရဲ့ .. ထူပူနေတော့ ဘာကိုမှသတိမထားမိနိုင်အောင်ပဲ.. မြန်မာပြည်ကို စလွမ်းပြီး မျက်ရည်က ဝဲတက်လာပါတယ် (လက်ကနာတာလည်း ပါတာပေါ့လေ) ..
ကျမစီးတဲ့ လေကြောင်းက ဒိုဟာ transit ပါ.. ဒိုဟာရောက်ပြီး ထရန်စစ်လုပ် မန်ချက်စတာသွားမယ့်လေယာဉ်ပေါ်တက်.. ဟုတ်နေတာပဲ.. ငါတစ်ယောက်တည်းသွားတတ်သားပဲ လို.လည်းဂုဏ်ယူနေသေးတယ်.. ဟီးဟီး .. ပြဿနာက မန်ချက်စတာ လေဆိပ်ရောက်ခါနီး လေယာဉ်မယ်လေးက ကြေညာတော့မှစတာ... ကျမက student visa နဲ.လာတာဆိုတော့ ကျောင်းဝင်ခွင့်တွေ သက်ဆိုင်ရာ စာရွက်စာတမ်းတွေ front desk မှာ ပြရမှာမို. ကျောပိုးအိတ်ကိုဖွင့်လိုက်ပြီး စာရွက်စာတမ်းတွေ ထည့်ထားတဲ့ဖိုင်ကိုဆွဲထုတ်လိုက်ပါတယ်.. အားပါးပါး.. ချဉ်ပေါင်ကြော်နံ.လေးမွှေးနေတာပဲ (ကျမအတွက်ပေါ့) .. အိုးမိုင်ဂေါ့... ဘုရားဘုရား သွားပါပြီ.. ရန်ကုန်လေဆိပ်မှာထိုးထည့်ခဲ့တဲ့ ရွှေချဉ်ပေါင်ကြော်ကဆီတွေ ရှိသမျှစာရွက်စာတမ်းတွေရော ဖိုင်တခုလုံးရော ရစရာမရှိအောင် စွန်းပေတာ နောက်ဆုံး ဒေါ်လာ ၁၀၀ တန်နှစ်ရွက်တောင် အဆစ်ပါသွားသေးတယ်..(ဆီလို အပေါက်ရှာပြီးထွက်တယ်ဆိုတဲ့စကား ခုမှနားလည်သွားပါတော့တယ်) ဘေးမှာထိုင်တဲ့ ကုလားမကဆို နှာခေါင်းရှုံ.ယုံတင်မကဘူး မျက်နှာပါပျက်နေပြီ.. တခြားလူတွေလည်းဟိုကြည့်ဒီကြည့်နဲ. ဘယ်ကအနံ.လည်းပေါ့ ..နောက်တော့ ကျမဖြစ်ပျက်နေတဲ့ပုံကို မြင်ပုံရတဲ့ လေယာဉ်မယ်က တစ်ရှူးတထပ်ကြီးလာပေးပြီး မြန်မြန်ရှင်းလိုက်ပါတဲ့ တော်တော်နံနေပြီတဲ့.. လေယာဉ်ဆိုက်ခါနီးမှ ဒုက္ခနဲ့ လှလှတွေ.တော့တာပါဘဲ....
ကျမ visa နဲ. documents တွေကိုစစ်တဲ့ English officer ကဆို သေချာတောင်ကိုင်မကြည့်ဘူး .. ရစ်လည်းမရစ်ဖူး.. တခါတည်းကို pass ပေးလိုက်တယ်.. သူ.ခမျာ အနံ.မခံနိုင်လွန်းလို.ထင်ပါတယ်...
လေဆိပ်ကထွက်တော့ ကျမလာတဲ့ agent (သူတို. အခေါ်တော့ learning centre ပေါ့လေ)က အမတစ်ယောက် လာကြိုပြီး ကျောင်းရှိရာ Wigan မြို.လေးကို ကားနဲ့ချီတက်ရတာပေါ့..ကျောင်းကပေးတဲ့အဆောင်မှာနေရာချပြီး အဲ့ဒီအမက ပြန်သွားပါတယ်.. အဆောင်လို.သာပြောတာ အိမ်သေးသေးလေးပါ.. မြို.ထဲကအိမ်တွေကို ငှားပြီးကျောင်းအဆောင်လုပ်တဲ့သဘောပေါ့. အမကတော့ ဒီအိမ်မှာမြန်မာတယောက် အိန္ဒိယတယောက် ကိုရီးယားတယောက်ရှိတယ် သမီးပါပါရင် လေးယောက်လို့ပြောသွားပါတယ်.. အခုချိန်ထိတော့ ခွေးတကောင်ကြောင်တမြီးမှ မတွေ.သေးပါဘူး... အချိန်ကြည့်တော့လည်း ည ၈နာရီခွဲနေပြီ .. နေကလည်းမဝင်သေးဘူး.. လူကအူကြောင်ကြောင်နဲ. ထူးဆန်းနေတယ်.. နောက်မှသိရတာက အင်္ဂလန်က နွေရာသီဆို ည ၁၀နာရီ လောက်မှ နေဝင်မိုးချူပ်တာတဲ့.. ၈ နာရီခွဲပြီဆိုမှတော့ ဗိုက်ကလည်းဆန္ဒပြနေပြီ.. စားစရာလည်းမပါလာ.. အော်နေဦး.. လေယာဉ်ပေါ်ကပါလာတဲ့ ခရက်ကာနှစ်ချပ်ရှိတယ်.. ရေနဲ.သောက်မယ်ပေါ့..လူကမြန်မာပြည်မှာလို ရေသန်.ဘူးလိုက်ရှာတယ်..မတွေ.ဘူး.. ဒါနဲ့ ကျောင်းက မီးဖိုချောင်သုံးပစ္စည်းဆိုပြီး ဘောက်စ်လေးတခုတွေ.တော့ ဖွင့်ကြည့်တယ်.. တွေ.ပြီ ရေခွက် ..
ဘုံဘိုင်ရေပဲ သောက်မယ်ကွာဆိုပြီး ပိုက်ဖွင့်ချလိုက်တယ်.. တငုံပဲငုံရသေးတယ်..လူကချက်ချင်းပြန်အန်ရော.. ထွက်လာတဲ့ chemical နံ.ကတော်တော်ပြင်းပါတယ်.. ဒါနဲ့ မဖြစ်ချေဘူးဆိုပြီ ရေနွေးဂေါက်နဲ့ ရေနွေးတည် ပါလာတဲ့ လက်ဖက်ခြောက်ခက်လိုက်မှ သောက်ဝင်တော့တယ်..
ကျမရဲ့ ပထမဆုံး အင်္ဂလန်ညစာက ခရက်ကာ ရေနွေးကြမ်း နဲ. ချဉ်ပေါင်ကြော်ပါ.. ဘာမှန်းမသိတဲ့ စားသုံးခြင်းပေါ့......
ဒါကြောင့် နောက် ဘယ်ခရီးပဲ သွားသွား မုန်.ခြောက်နဲ.ရေဘူးဆောင်ထားရမယ်ဆိုတဲ့ အသိရလာပါတယ်.
အဲ့ဒီညက ဘယ်အခန်းပဲ ခေါက်ခေါက်ဘာသံမှကိုပြန်မကြားရဘူး.. တိတ်ဆိတ်နေတာပဲ.. ကျမလည်းကြောက်ကြောက်နဲ. အခန်းကို နှစ်ဆယ့်လေးပစ္စည်း စည်းချပြီး လှဲနေလိုက်တယ်.. အိမ်ကိုလည်းလွမ်းတယ်.. ဖေဖေ့ကိုလည်းသတိရနေခဲ့တယ်.. အိပ်လို.လည်းမပျော်ပါဘူး..
နောက်နေ. agent က အမက မြန်မာကျောင်းသားတယောက်ယောက်ကို လွှတ်လိုက်မယ်လို.သာပြောသွားတယ်.. တယောက်မှ ပေါ်မလာပါဘူး.. ကျမ မှာ ဗိုက်ကလည်းဆာ ပိုက်ဆံလည်းဘယ်လိုလဲရမှန်းမသိနဲ. နောက်ဆုံး အဲဒီအမ မနေ့ကပြသွားတဲ့ လမ်းမှာမြန်မာကျောင်းသား အဆောင်ရှိတယ်ဆိုပြီး လိုက်ရှာရပါတယ်..နောက် အဲ့ဒီအဆောင်မှာ မန္တလေးက အသိအမနဲ.တွေ.တော့မှ ဟင်းချနိုင်တော့တယ်.. တကယ်မလွယ်ပါဘူးနော်.. နောက်တော့မှ ကူညီမှူတွေနဲ. လေ့လာမှုတွေနဲ.နေသားကျသွားပါတယ်...
ကျမရဲ့ ယူကေလိုက်ဖ် စစချင်းပါ.. ဘယ်လိုလဲ? ချိုမြိန်တယ်မလား?
ဒါမှ ဘဝလို. ကိုယ့်ကိုကိုယ်သိနားလည်ခဲ့သော အတိတ်က နေ.စွဲတစ်ခုပေါ့...........

Monday 10 August 2009

မင်္ဂလာရှိသောနေ့


မိုးကုတ်စက်ဝိုင်းကို လာလည်ကြသော အကို အမများ ..မောင်လေး ညီမလေးများ အားလုံးသော ဘလော့ဂါများ စာလာဖတ်သူများကို ဒီနေရာကနေ ဂါရဝပြုပါတယ်..မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်.....
ကျမ စာရေးဖို့ ဘလော့လေးတစ်ခုဖြစ်တည်လာဖို့ ကြိုးစားနေတာ ကြာပါပြီ... သူများအိမ်တွေ သွားသွားလည်ပြီး ကိုယ်အိမ်ကိုတော့ စတင်ဖို့မဝင့်မရဲဖြစ်နေခဲ့တယ်... စိတ်ထဲကနေ အိမ်လည်မခေါ်နိုင်တော့ အားလည်းနာနေမိတယ်.. ကိုယ့်ကိုကိုယ်မယုံကြည်သေးတာလည်းပါတာပေါ့...
ဒီနေ.တော့ မမနော် (မနော်ဟရီ) ရဲ့ ပို့စ်တစ်ခုမှာကွန်မန့်သွားပေးပြီး ကျမနာမည်လေးမှာ လင့်ခ်လေးလိုပေါ်နေတာနဲ့ နှိပ်ကြည့်တော့ ဂူးဂဲလ်ဘလော့လုပ်တဲ့ဆီရောက်သွားပါတယ်.. ဒါနဲ့ နည်းနည်းအားတက်သွားပြီး စမ်းလုပ်ကြည့်မိရင်း မထင်မှတ်ဘဲ ဒီပို့စ်လေးကို ရေးဖြစ်သွားပါတယ်... အဲ့ဒီအတွက် မမနော်ကို ဒီနေရာကနေ ကျေးဇူးအထူးတင်ကြောင်းပြောချင်ပါတယ်.. ရေးသာရေးနေရတာ မြန်မာဖောင့်နဲ့ပေါ်မလား ဘယ်လိုထွက်လာမလဲ မသိသေးပါဘူး.. ဘယ်လိုပဲဖြစ်ဖြစ် ကျမရဲ့အိမ်လေးကို စတင်ပြီး မွမ်းမံပြင်ဆင်ပါတော့မယ်... အားပေးကြပါဦးနော်.. စာစရေးခါစမို့ အမှားတွေပါရင်လည်း တောင်းပန်ပါတယ်.. အားလုံးရွှင်လန်းချမ်းမြေ့ပါစေရှင်...
Stella